Before You Board
သင်္ဘော မတက်မီ ပင်လယ်ပြင်တွင် အလုပ်လုပ်ရန် စာချုပ် ချုပ်သူများ အတွက် ITF ၏ အကြံပေးချက်
ITF အသိအမှတ်ပြု စုပေါင်း သဘော တူညီချက်အရ ရေးဆွဲထားသော စာချုပ်တွင် လက်မှတ်ထိုးမှသာ ကောင်းမွန် ပြည့်စုံသည့် အလုပ်ခန့်အပ်မှုဟု အာမခံနိုင်မည် ဖြစ်သည်။ ယင်းသို့ လက်မှတ် မထိုးမိပါက အောက်တွင် ဖော်ပြထားသည့် အချက်များကို လိုက်နာပါ
Checklist
- စာချုပ် စာတမ်းမရှိပဲသင်္ဘောပေါ် မတက်ပါနှင့်
- ကိုယ် နှင့် မရင်းနှီးသော၊ အချက်အလက် အတိအကျ ဖော်ပြခြင်း မရှိသော စာချုပ် သို့မဟုတ် စာရွက်လွတ်ပေါ် မည်သည့်အခါမှ လက်မှတ် မထိုးပါနှင့်။
- မိမိ ရေးထိုး လိုက်သော စာချုပ်သည် စုပေါင်း အရေးဆိုရေး သဘောတူညီချက် (CBA) နှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးပါ။ CBA တွင် ဖော်ပြထားသည့် အသုံး အနှုန်းများကို အထူး သတိပြု စစ်ဆေးပါ။ စာချုပ် ချုပ်ဆိုပြီးပါက မိတ္တူပွားပြီး သိမ်းထားပါ။
- စာချုပ် သက်တမ်း ကာလကို ရှင်းလင်းစွာ ဖော်ပြထားပါစေ။ သင်္ဘောပိုင်ရှင်၏ ဆုံးဖြတ်ချက် တစ်ခုတည်းဖြင့် စာချုပ်သက်တမ်းကို လိုသလိုပြောင်းလဲ ခွင့်ပြုထားသော စာချုပ်မျိုးတွင်လည်း လက်မှတ် မထိုးပါနှင့်။ စာချုပ်သက်တမ်း အပြောင်းအလဲ တစ်စုံ တစ်ရာရှိပါက နှစ်ဦး နှစ်ဖက် ကျေနပ်မှု ရှိရမည် ဖြစ်သည်။
- ပေးနိုင်သည့် အခြေခံ လစာ၊ အခြေခံ ထားရှိရမည့် အလုပ်ချိန် (ဥပမာ ရက်သတ္တပတ် တစ်ပတ်လျှင် အလုပ်ချိန် ၄၀၊ ၄၄၊ ၄၈ နာရီ) တို့ကို စာချုပ်တွင် ရှင်းလင်းစွာ ဖော်ပြ ထားရမည်။ အခြေခံ အလုပ်ချိန်များသည် အများဆုံး တစ်ပတ်လျှင် ၄၈ နာရီ (တစ်လလျှင် ၂၀၈ နာရီ) သာရှိရမည်ဟု ILO ကဆိုသည်။
- အချိန် ပိုကြေးကို မည်သည့် နှုန်းထား နှင့် မည်သို့ပေးချေမည် ဆိုသည်ကို စာချုပ်တွင် ရှင်းလင်းစွာ ဖော်ပြထားပါစေ။ အချိန်ပို အလုပ်ချိန်နာရီများ အားလုံးအတွက် တစ်နာရီလျှင် ပေးရမည့်နှုန်းဖြင့် အတိအကျပေးရမည်။ သို့မဟုတ် ကတိပြုထားသည့် အချိန်ပို နာရီ များအတွက် တစ်လလျှင် ပေးရမည့် ပမာဏကို သတ်မှတ်ထားရမည် ဖြစ်ပြီး သတ်မှတ် ချိန်ထက် ကျော်လွန်ပြီး လုပ်ကိုင်ရသော နာရီတိုင်း အတွက် နှုန်းထားကိုလည်း ရှင်းလင်းစွာ ဖော်ပြ ထားရမည်။ အချိန်ပို ဆင်းရသည့် နာရီအားလုံး အတွက် ILO က သတ်မှတ် ထားသည့်နှုန်းမှာ ပုံမှန်အားဖြင့် တစ်နာရီလျှင် အနည်းဆုံး ၁ ဒသမ ၂၅ x နှုန်းဖြစ်သည်။
- တစ်လလျှင် ခွင့်ရက်မည်မျှရမည်ကို စာချုပ်တွင် အတိအကျ ဖော်ပြ ထားပါစေ။ ခွင့်ခံစားခွင့် ရက်သည် တစ်နှစ်လျှင် ရက်ပေါင်း ၃၀ ထက်မနည်းသင့် ( ပြက္ခဒိန်ရက် အတိုင်း တစ်လလျှင် ၂ ရက်ခွဲ) ဟု ILO ကသတ်မှတ်ထားသည်။
- အခြေခံလစာ၊ အချိန်ပိုကြေး နှင့် ခွင့်ရက်များ အတွက် ပေးချေမှုကို စာချုပ်ထဲတွင် အမျိုးအစား ခွဲကာ ရှင်းလင်းစွာ ဖော်ပြထားရမည်။
- စာချုပ် ကာလအတွင်း မည်သည့် လစာ ငွေပမာဏကိုမျှ သင်္ဘောပိုင်ရှင်က ထိန်းသိမ်းထားခြင်း၊ ထိန်ချန်ထားခြင်း ခွင့်ပြုထားသည့်စာချုပ်တွင် လက်မှတ် မထိုးပါနှင့်။ ပြက္ခဒိန်လ တစ်လချင်း အကုန်တွင် ရရှိမည့် လစာငွေသည် အပြည့်ဖြစ်ရမည်။
- သင်္ဘောလိုက်ရာတွင် အသွားအပြန် စရိတ်တို့ အတွက် ကိုယ်တိုင် ကျခံရမည်ဟု ဖော်ပြထား သောစာချုပ်တွင် မည်သည့်အခါမျှ လက်မှတ် မထိုးပါနှင့်။
- မိမိ သဘောဖြင့် သမဂ္ဂ တစ်ခုခုကို ဆက်သွယ် ဝင်ရောက်ပြီး တိုင်ပင် ဆွေးနွေးခြင်း သို့မဟုတ် ယင်းသမဂ္ဂ၏ ကိုယ်စားပြု ဆောင်ရွက်ခြင်းများကို တားမြစ် ထားသည့် အချက်များ ပါဝင်သည့် စာချုပ်ကို လက်မှတ် မထိုးပါနှင့်။
တစ်ဦးချင်း အလုပ် ခန့်အပ်သည့် စာချုပ်တွင် အကျိုး ခံစားခွင့်များကို အသေးစိတ် ဖော်ပြလေ့ မရှိသည်ကို သတိထားပါ။ အောက်ပါ နစ်နာကြေး မည်မျှ ပေးမည်ကို အတိအကျ သိရှိအောင်လုပ်ပါ။
- စာချုပ် သက်တမ်း ကာလအတွင်း နာမကျန်းဖြစ်ခြင်း သို့မဟုတ် ထိခိုက် ဒဏ်ရာရခြင်း
- သေဆုံးမှု (အမွေ ဆက်ခံသူထံ ပေးမည့် ငွေပမာဏ)
- သင်္ဘော ပျက်စီး ဆုံးရှုံးမှု
- သင်္ဘော ပျက်စီး ဆုံးရှုံးမှုကြောင့် တစ်ဦး တစ်ယောက်ချင်း၏ နစ်နာ ဆုံးရှုံးမှု
- စာချုပ် မပြည့်မီ လုပ်ငန်းမှ ရပ်ဆိုင်းခံရမှု တို့ဖြစ်သည်။
မိမိ လက်မှတ် ထိုးလိုက်သည့် စာချုပ် မိတ္တူ တစ်စုံကို သေချာစွာ သိမ်းထားပါ။
မည်သို့သော အခြေ အနေမျိုး ဖြစ်ပါစေ မိမိ သဘောဖြင့် ချုပ်ဆိုထားသော မည်သည့် စာချုပ်/သဘောတူညီချက် ကိုမဆို တရားသဖြင့် အာဏာ အရှိဆုံးဖြစ်သော တရားဥပဒေ နှင့် အညီ ချုပ်ဆို ထားသော စာချုပ်ဖြစ်ရမည်ဆို သည်ကိုမမေ့ပါနှင့်။