IFOMS’s Letter of Condolence and Statement
IFOMS’s Letter of Condolence and Statement on Aung Soe Moe Kyaw ferry capsized in Chindwin River
ချင်းတွင်းမြစ်အတွင်း အောင်စိုးမိုးကျော်ရေယာဉ်နစ်မြုပ်ခဲ့မှုနှင့် စပ်လျဉ်း၍ လွတ်လပ်သောမြန်မာနိုင်ငံပင်လယ်ပျော်များအဖွဲ့ချုပ်၏ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထားအမြင် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် ချင်းတွင်းမြစ်အတွင်း အောင်စိုးမိုးကျော်ရေယာဉ်နစ်မြုပ်မှု ဖြစ်ပွားခဲ့ပါသည်။ ထိုရေယာဉ်နစ်မြုပ်မှုဖြစ်စဉ်တွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊သူများ အပါအဝင် လက်ရှိတွင် လူပေါင်း ၆၀ ကျော် သေဆုံးပြီး၊ ပျောက်ဆုံးနေသေးသောသူများအား ဆက်လက် ရှာဖွေနေခြင်းနှင့်အတူ သေဆုံးသူအရေအတွက်မှာလည်း တိုးပွားလျက်ရှိသည်။ ထိုသို့ ရေယာဉ်နစ်မြုပ်ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့်အတွက် ကျွနု်ပ်တို့ လွတ်လပ်သောမြန်မာနိုင်ငံ ပင်လယ်ပျော်များ အဖွဲ့ချုပ်အနေဖြင့် ထိတ်လန့်ကြေကွဲမိပြီး၊ မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
ထိုသို့ ရေယာဉ်နစ်မြုပ်ပြီး ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်များ ဖြစ်ပွားရသည်မှာ ပြည်တွင်းရေကြောင်းလိုင်းများ အပေါ် တာဝန်ရှိသူများ၏ ကြပ်မတ်စစ်ဆေးမှုအားနည်းခြင်းနှင့် ခရီးသည်များနှင့် ရေကြောင်းလုပ်သားများ အတွက် ခေတ်နှင့်လျော်ညီပြီး လုံခြုံစိတ်ချရသည့် စည်းမျဉ်းဥပဒေမရှိခြင်းနှင့် ရှိရင်းစွဲ ဥပဒေများကို အကောင်အထည်မဖေါ်ခြင်းတို့ ကြောင့် ဖြစ်သည်။
လက်ရှိအချိန်တွင် နိုင်ငံတကာရေကြောင်းသွားလာရေးအတွက် လုံခြုံစိတ်ချရပြီး ခိုင်မာသည့် စည်းမျဉ်း ဥပဒေတစ်ခုဖြစ်သည့် MLC 2006 ကို အစိုးရက လက်မှတ်ရေးထိုးပြီး အကောင်အထည်ဖေါ်ရန်အတွက် ဆောင်ရွက်လျက်ရှိသည်။ သို့သော် ထို MLC 2006 သည် ပြည်တွင်းရေကြောင်းသွားလာရေးအတွက်မူ အကြုံးမဝင်ပေ။ ထို့ကြောင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအတွက်လည်း MLC 2006 ကဲ့သို့ ခရီးသည်များနှင့် ရေကြောင်းလုပ်သားများအတွက် ခေတ်နှင့်လျော်ညီပြီး လုံခြုံစိတ်ချရသည့် စည်းမျဉ်း ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရန်အတွက် အစိုးရနှင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံးလုပ်ဆောင်သင့်ပါကြောင်း ကျွန်ုပ်တို့ လွတ်လပ်သောမြန်မာနိုင်ငံပင်လယ်ပျော်များအဖွဲ့ချုပ် အနေဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်။